Showing posts with label Capacitor. Show all posts
Showing posts with label Capacitor. Show all posts

Tuesday, November 11, 2025

Electronic Basic ( 2 - 5 ) Capacitor Code တန်ဖိုးဖတ်ခြင်း

ကပယ်စီတာများတွင် AC capacitor နှင့် DC capacitor ဟူ၍အခြေခံအားဖြင့် နှစ်မျိုးသာရှိပေသည်။ ယင်းတို့တွင် Electrolytic Capacitor တမျိုးသာ အဖိုအမ သတ်မှတ်ချက်ရှိပြီး၊ ကျန် အမျိုးအစား အဖိုအမ သတ်မှတ်ချက်မရှိကြပေ။ အီလက်ထရိုလိုက် (Electrolytic) အမျိုးအစား ကပယ်စီတာများကို ဆားကစ်ပါတ်လမ်း ပေါ်တွင် အဖိုအမ မှန်ကန်အောင်တပ်ရန် အထူး ဂုရုပြုရမည် ဖြစ်ပေသည်။ ထို့ပြင် အီလက်ထရိုလစ်စတစ် ကပယ်စီတာ တမျိုးသာ တန်ဖိုးအတိုင်း ကိုယ်ထည်ပေါ်တွင် Capacitance တန်ဖိုးကို ရေးသားထားပြီး အခြား အမျိုးအစား ကပယ်စီတာ များကိုတန်ဖိုး ဖတ်ရန်အတွတ် ကိုယ်ထည်ပေါ်တွင် Code  နံပါတ် များဖြင့် ရေးသားထားပေသည်။



ယင်းတို့ကို ဖတ်ရန်မှာ နံပါတ် ၃ လုံးနှင့် နောက်ဆုံး အက္ခရာတလုံးသာပါဝင်ပေသည်။ ပထမဆုံးနံပါတ် နှင့် ဒုတိယနံပါတ် တို့မှာ Resistor ကဲ့ သို့ပင် တန်ဖိုးပင်ဖြစ်ပေ၍ တတိယ နံပါတ်သည်လည်း Resistor လိုပဲ မြှောက်ဖော်ကိန်းဖြစ်ပေသည်။ ကွာခြားသည်မှာ အရောင် နှင့် နံပါတ်ဖြစ်ပြီး SMD Resistor များနှင်ဆင်တူပြန်သော်လည်း နောက်ဆုံး Tolerance ခြားနားမှု့တန်ဖိုးမှာ အက္ခရာဖြင့်ဖြစ်နေပေသည်။ ထို့ကြောင့် ဖတ်မှတ်ခဲ့ဘူးပြီးဖြစ်သော BS 1852 စနစ်မှ Resistor တန်ဖိုး သတ်မှတ်ပုံနှင့်ဆင်တူပေသည်။

ပထမစာလုံး နှင် ဒုတိယစာလုံးသည် 6 နှင့် 7 မပါဝင်ပေ။

0

1

2

3

4

5

8

9

တတိယစာလုံး မြှောက်ဖော်ကိန်းမှာ BS 1852 စနစ်ကဲ့ သို့ပင်ဖြစ်သော်လည်း 6 နှင့် 7 မပါဝင်ပေ။ ယခင် အတိုင်းပင် မြှောက်ဖော်ကိန်းကို ၂ မြင်လျှင် သုည ၂ လုံးဖြည့်ပေးလိုက်ရုံသာဖြစ်ပါသည်။ သို့သော် မြှောက်ဖော်ကိန်းသည် ၉ ဖြစ်ပါက ၁၀၀၀၀ ( ၁ သောင်း ) နှင့် စားပေးရမှာဖြစ်ပါသည်။ ထူးခြားမှု့လေး တခုဖြစ်ပါသည်။

109 =  10 / 10000 = 0.001 pF

109 သည် ကပယ်စီတာ ကိုယ်ထည်ပေါ်တွင် ရေးသားထားသော နံပါတ်ဖြစ်ပြီး မြှောက်ဖော်ကိန်းမှာ ၉ ဖြစ်သောကြောင့် ၁ သောင်း တန်ဖိုးဖြင့် စားပေးရမှာ ဖြစ်ပါသည်။ လွဲမှားမှု့ တန်ဖိုးများကို အမှန်ဆို ထည့်စဉ်းစားရန်မလိုပေ။ မိမိတို့နိုင်ငံတွင် အလိုရှိသည့် လွဲမှားမှု့တန်ဖိုးအား ရွေးချယ်နိုင်ခြင်း မရှိပဲ ဈေးကွက်အတွင်း ရရှိနိုင်သည့် တန်ဖိုးအတိုင်းသာ တွက်ချက်ရမှာ ဖြစ်ပါသည်။

ဥပမာအားဖြင့်

152J တန်ဖိုးဖတ်ရပါက

152J = 15 00 = 1500 pF ± 5%

152J = 15×102 = 1500 pF ± 5%

759J တန်ဖိုးဖတ်ရပါက

759J = 75 / 10000 = 0.0075 pF ± 5% ဖြစ်လာပေမည်။




Capacitor Code ဖတ်ခြင်း ဗီဒီယို




Monday, November 10, 2025

Electronic Basic ( 2 - 4 ) Capacitor Series

Capacitor Serial and Parallel

            Capacitor များကို အပြိုင်ဆက်၍ သော်လည်းကောင်း တန်းဆက်၍သော်လည်းကောင်း Capacitance တန်ဖိုးကို ပြောင်းလဲပေးနိုင်ပါသည်။



Capacitor in Series

Capacitance တန်ဖိုး လျော့ချလိုလျှင် ကပယ်စီတာများကို တန်းဆက်၍ ချိတ်ပေးရပါမည်။ သတိရပြုရန်မှာ Resistor နှင့် ပြောင်းပြန်ဖြစ်ကြောင်း သတိထားရန်လိုပါသည်။ ဥပမာ 220 µF ကပယ်စီတာ ကိုတန်းဆက်ပါက အထွတ်တန်ဖိုးမှာ 110 µF ဖြစ်လာမှာဖြစ်ပါသည်။

Ct =  1 / C1 + 1 / C2 + 1 / C3  + ....

Capacitor in Parallel

Capacitance တန်ဖိုးများများအလိုရှိပါက ကပယ်စီတာများကို အပြိုင်ဆက်ပေးရပါမည်။ ဥပမာအားဖြင့် 220 µF ကပယ်စီတာ နှစ်လုံးကို ပြိုင်၍ဆက်လိုက်လျှင် 440 µF ဖြစ်လာပါလိမ့်မည်။ 

Ct = C 1 + C 2 + C 3 + ...











Sunday, November 9, 2025

Electronic Basic ( 2 - 3 ) Capacitor တိုင်းတာစစ်ဆေးခြင်း

            Analog Meter ဖြင့်တိုင်းတာစစ်ဆေးသည့်အခါ Ohm Scale ဖြင့်တိုင်းတာနိုင်ပါသည်။ တိုင်းတာစစ်ဆေးမည့် ကပယ်စီတာသည် ဗို့အားမရှိကြောင်းသေချာစေရန် ဦးစွာ ခြေထောက်နှစ်ချောင်းအား ပူးလိုက်ခြင်းဖြင့် ဗို့ထုတ်လိုက်ပါသည်။ ယင်းကို Short ချခြင်းဟုခေါ်ပြီး၊ Discharging လုပ်ပစ်ခြင်းသာဖြစ်ပါသည်။ ဗို့အားရှိနေပါက မီတာဖြင့် တိုင်းမရခြင်း ကြောင့်ဖြစ်ပါသည်။ Ohm Scale တွင်ထားပြီး ကပယ်စီတာ ခြေထောက်နှစ်ချောင်းအား မီတာတံ နှစ်ချောင်းဖြင့် တချောင်းစီကို တို့လိုက်ပါ။ မီတာ Pointer တံသည် ဖျက်ခနဲ တချက်တက်သွားပြီး ချက်ခြင်းပြန်ဆင်းသွားပါက ကပယ်စီတာ၏ Charging / Discharging လုပ်ငန်းစဉ် ကောင်းမွန်နေကြောင်း သိနိုင်မှာဖြစ်ပြီး ၊ ကောင်းမွန်သည်ဟု အကြမ်းဆုံးဖြတ်နိုင်ပါသည်။ အကြမ်းဆုံးဖြတ်နိုင်သည်ဟုဆိုခြင်းမှာ Capacitance တိုင်းတာရန် Analog Meter ဖြင့်တိုင်းမရသောကြောင့် Capacitance တိုင်းတာနိုင်သည့် Digital Meter ကောင်းကောင်း တလုံးဆောင်ထားရန် လိုအပ်လာပြန်ပါသည်။

            Kaisi K-9033 အမျိုးအစား ဂျပန်မီတာတလုံးအား တွေ့မြင်ရစဉ်။ အမျိုးအစားအလွန်ကောင်းပြီး အကြမ်းခံသော ကြောင့် မိမိတို့ အသုံးပြုရသည်မှာ လွန်စွာနှစ်သက်သော မီတာအမျိုးအစားဖြစ်ပါသည်။ တန်ဖိုးကြီး မြင့်သော်လည်း နှစ်များစွာ ကြာသည့်တိုင်အောင် စိတ်ချမ်းချမ်း သာသာ အသုံးပြုနိုင်သဖြင့် အလွန်တန်သည်ဟုဆို နိုင်ပါသော်လည်း အားနည်းချက်မှာ တန်ဖိုးကြီးခြင်းဖြစ်ပါသည်။ 

            ကပယ်စီတာများအား Analog Meter Ohm Scale ဖြင့်တိုင်းတာ စစ်ဆေးသောအခါ ကောင်းမွန်နေသည်ဟု ဆိုနိုင်သော်လည်း Capacitance တန်ဖိုးဖြစ်သည့် လျှပ်သိုတန်ဖိုးပြောင်းလဲနေပါကလည်း ဆားကစ်ပါတ်လမ်းအတွင်း ပြဿနာများ ဖြစ်လာ နိုင်ပါသေးသည်။ ထိုအခါတွင် Capacitance တန်ဖိုးတိုင်းတာနိုင်သည့် Digital Meter ဖြင့်ဆက်လက် တိုင်းတာရမှာဖြစ်ပါသည်။ အကယ်၍များ Digital Meter ဖြင့် Capacitance တိုင်းတာခြင်းဖြင့် Analog Meter တိုင်းရန် မလိုတော့ပဲ ကောင်းမကောင်း အဖြေတန်းထွက်နိုင်ပါသည်။

            တိုင်းတာစစ်ဆေးခြင်းမှာ ကပယ်စီတာ ကိုယ်ထည်ပေါ်မှ µF တန်ဖိုးကိုဦးစွာဖတ်ပြီး µF တန်ဖိုးကို မီတာဖြင့် တိုင်းတာရပါမည်။ တိုင်းတာရရှိသည့် အဖြေသည် ကပယ်စီတာ ကိုယ်ထည်ပေါ်မှ ရေးသားထားသော တန်ဖိုးနှင့် များစွာ မကွာပါက ကပယ်စီတာ ကောင်းပါသည်။ ထိုသို့ မဟုတ်ပဲ ကိုယ်ထည်ပေါ်မှ ရေးသားထားသော µF တန်ဖိုးနှင့် များစွာကွာခြားနေပါက ပျက်စီးနေပြီဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။ 





Electronic Basic ( 2 - 2 ) DC Capacitor

DC Capacitor ဆိုသည်မှာ အဖိုအမ သတ်မှတ်ချက် တိတိကျကျရှိပေသည်။ အကယ်၍များ ဆားကစ်ပါတ်လမ်းတွင် အဖိုအမ မှားတပ်မိပါက ဦးစွာ ကပယ်စီတာသည် ပူလာမည် အပူငွေ့များထွက်လာပြီး အချိန်မတိုင်မှီအတွင်းမှာပင် ပျက်စီးသွား မှာလည်းဖြစ်ပါသည်။ ထို့ကြောင့် မှန်မှန်ကန်ကန် တပ်ဆင်ပေးရန် လွန်စွာအရေးကြီးလှပါသည်။ DC Capacitor များတွင် အဖိုအမ ရှာဖွေခြင်းမှာ မခက်ခဲပေ။ ကပယ်စီတာ ကိုယ်ထည်ပေါ်တွင် အဖြူရောင် အရစ်တခုကို လွယ်လွယ်ကူကူ မြင်တွေ့ရမှာဖြစ်ပြီး ထိုအရစ်နှင့် အနီးဆုံးခြေထောက်မှာ အမဖြစ်ပြီး အမခြေထောက်နှင့် ဆန်ကျင့်ဘက်ခြေထောက်မှာ အဖိုခြေထောက်ဖြစ်ပါသည်။ ထို့အပြင် ကပယ်စီတာ၏ ကိုယ်ထည်ပေါ်တွင် Capacitance တန်ဖိုး နှင့် Voltage Rating တန်ဖိုးကို တခါတည်း ပုံနှိပ် ဖော်ပြထား သဖြင့်တန်ဖိုးအား လွယ်ကူစွာဖတ်ရှု့နိုင်ပါသည်။


မျိုးပုံစံမတူသော Capacitor မျိုးစုံကို မြင်တွေ့ရမှာ ဖြစ်ပါသည်။

            အခြေခံအားဖြင့် Capacitor နှင့် ပါတ်သက်ပြီးမှတ်ရန် (၂) ချက်မှာ

1.     Farad တန်ဖိုးကို ဖတ်ရှု့တတ်ရပါမည်။

2.     Voltage Rating တန်ဖိုးကို ဖတ်ရှု့တတ်ရပါမည်။

သတိပြုပြီးမှတ်ရန်အချက်မှာ ကပယ်စီတာ၏ ဗို့အားတန်ဖိုးသည် ဆားကစ်ပါတ်လမ်းတွင် ပေးသွင်းအသုံးပြုမည့် ဗို့အား တန်ဖိုးထက် နှစ်ဆ တပ်ဆင်အသုံးပြုရမှာဖြစ်ပါသည်။ ဆိုလိုသည်မှာ - ဆားကစ်ပါတ်လမ်းတွင် ၁၂ ဗို့ပေးသွင်းမည်ဆိုပါက ကပယ်စီတာ၏ ဗို့အား တန်ဖိုးသည် (Voltage Rating) ၂၄ ဗို့ ကပယ်စီတာကို အသုံးပြုရမှာ ဖြစ်ပါသည်။ သို့သော် ဈေးကွက်အတွင်း ၂၄ ဗို့ ကပယ်စီတာ ဆိုသည်မှာမရှိပါ။ ထို့ကြောင့် အနီးဆုံး Voltage Rating 25V Capacitor ကိုတပ်ဆင် အသုံးပြုရမှာဖြစ်ပါသည်။ အဘယ်ကြောင့် ဆားကစ်ပါတ်လမ်း၏ ပေးသွင်းဗို့အားထက်  နှစ်ဆဗို့အား တန်ဖိုးရှိသည့် ကပယ်စီတာကို တပ်ဆင်အသုံးပြုရခြင်းမှာ အကြောင်းရှိပါသည်။ ရှင်းပြပါမည်။

Voltage Spike 

            Voltage Spike ဟုခေါ်ဆိုသည့် လျှပ်စစ်ဆူးချွန် ပြဿနာကြောင့်ဖြစ်ပါသည်။ နေအိမ်များတွင် လျှပ်စစ်မိတ်ဆွေများ အနေဖြင့် မီးဖွင့်ရန်ဖြစ်စေ အခြားလျှပ်စစ်ပစ္စည်းများ အသုံးပြုရန်ဖြစ်စေ ခလုပ်များကို ဖွင့်ဘူးမည်သာဖြစ်ပါသည်။ ထိုအခါ ခလုပ်အတွင်းထဲတွင် မီးပွင့်မီးပွားလေးများ ပန်းထွက်တတ်သည်ကို ရံဖန်ရံခါ မြင်ဘူးပါလိမ့်မည်။ ယင်းအဖြစ်အပျက်သည် Voltage Spike ဖြစ်ပါသည်။ ထိုမီးပွင့်မီးပွားများ ဖြာထွက်မှု့ကြောင့် လျှပ်စစ်ပါတ်လမ်းအတွင်း ဓါတ်အားအစုန်နေရာတွင် မူလဗိုအားထက် ၂ ဆခန့် မြင့်တက်သွားလေ့ရှိပါသည် ။ ဉပမာ ၂၂၀ ဗို့အားပေးပတ်လမ်းတွင် Voltage Spike ကြောင့် ဗို့အား ၄၀၀ နီးပါးခန့်အထိ ဆောင့်တက်သွားတတ်ပါသည်။



     သို့သော် ယင်းကဲ့သို့ Voltage Spike အချိန်လေးသည် အလွန်တိုတောင်းသော အချိန်လေး ဖြစ်ပြီး တစက္ကန့်၏ ၁၀၀၀ တပုံခန့်ပင် တိုတောင်းတတ်သော်လည်း Electronic Circuit များကို တိုက်ဖျက်ပစ်သွားနိုင်လောက်အောင် စွမ်းပါကား ကြီးမားလှပါသည်။ ထို့ကြောင့် Voltage Spike ကြောင့် Electronic Circuit များ မပျက်စီးအောင် အကာအကွယ်များဖြင့် အထူးစီမံထားရပါသည်။ ကပယ်စီတာများအား ကာကွယ်ရန်အတွက် ဆားကစ်ပါတ်လမ်း ဗို့အား၏ နှစ်ဆတန်ဖိုး ရှိသော ကပယ်စီတာတပ်ထားလိုက်လျှင် လျှပ်စစ်ဆူးချွန်အား ကာကွယ်ပြီး ဖြစ်နေပါပြီ။



50 V / 2200 µF ဟု Farad တန်ဖိုး နှင့် Voltage Rating တန်ဖိုး နှစ်မျိုးလုံးကို ဖော်ပြထားသော ကပယ်စီတာ တလုံးအား မြင်တွေ့ရစဉ်။ ကိုယ်ထည်ပေါ်တွင် အဖြူရစ်တကြောင်းကို တွေ့မြင်ရမှာဖြစ်ပြီး၊ ထိုအဖြူ အရစ်အကြောင်းမှာ အနုတ်ဘက်ကို ကိုယ်စားပြုပြီး အဖြူရစ်နှင့် အနီးဆုံး ခြေထောက်မှာ အနုတ်ဖြစ်ပါသည်။ အနုတ်ခြေထောက် သည် အနည်းငယ် တိုပြီး၊ အပေါင်း ခြေထောက်သည် အနည်းငယ် ရှည်ပါသည်။



16 V / 220 µF ဟု Farad တန်ဖိုး နှင့် Voltage Rating တန်ဖိုး နှစ်မျိုးလုံးကို ဖော်ပြထားသော ကပယ်စီတာ တလုံးအား မြင်တွေ့ရစဉ်။ ကိုယ်ထည်ပေါ်တွင် အဖြူရစ်တကြောင်းကို တွေ့မြင်ရမှာဖြစ်ပြီး၊ ထိုအဖြူ အရစ်အကြောင်းမှာ အနုတ်ဘက်ကို ကိုယ်စားပြုပြီး အဖြူရစ်နှင့် အနီးဆုံး ခြေထောက်မှာ အနုတ်ဖြစ်ပါသည်။ အနုတ်ခြေထောက် သည် အနည်းငယ် တိုပြီး၊ အပေါင်း ခြေထောက်သည် အနည်းငယ် ရှည်ပါသည်။


50V / 1 µF ဟု Farad တန်ဖိုး နှင့် Voltage Rating တန်ဖိုး နှစ်မျိုးလုံးကို ဖော်ပြထားသော ကပယ်စီတာ တလုံးအား မြင်တွေ့ရစဉ်။


ပုံသဏ္ဉာန် ကွဲပြားသော ကပယ်စီတာ မျိုးစုံအား မြင်တွေ့ရမှာ ဖြစ်ပါသည်။



ကပယ်စီတာများ ပျက်စီးနေပါက သိသာ လွယ်ပါသည်။ ခေါင်းပွင့်နေခြင်း ဖင်စူနေခြင်း သိပ်ဆိုးရွားပါက ပြုတ်ထွက်နေခြင်း တို့ဖြင့် မြင်တွေ့ နိုင်ပါသည်။ ကပယ်စီတာများ ပျက်စီးခြင်း အကြောင်းတရားမှာ အမျိုးမျိုးဖြစ်နိုင်ပါသည်။ သက်တမ်းကုန်ခြင်း ၊ ဗို့အား များများ ဆောင့်ဝင်ခြင်း ၊ ဒိုင်အုပ် Short ကျသဖြင့် AC ဝင်လာပြီး ဒီစီ ကပယ်စီတာ ပျက်ခြင်း၊ လမ်းကြောင်း နေရာတခုခုတွင် Short ဖြစ်ခြင်းကြောင့် Ampere အလွန်အမင်း မြင့်တက်လာပြီး ကပယ်စီတာ ပျက်စီးနိုင်စေခြင်း တို့အမျိုးမျိုး ဖြစ်နိုင်ပါသည်။ တခါတရံ ကပယ်စီတာ တွင် အိမ်မြှောင်ကပ်ပြီး ပျက်စီးသွားခြင်းမျိုး လည်းရှိတတ်ပါသေးသည်။

မည်သည့် အကြောင်းဖြင့် ပျက်စီးသည်ဖြစ်ပါစေ။ ကပယ်စီတာများ ပျက်စီးခြင်းတွင် အဓိကအားဖြင့် ပြစ်ချက် တမျိုးသာ ပျက်စီးသည်သာများပါသည်။ ယင်းမှာ Short ဖြစ်ပါသည်။ Short ဖြစ်နေသော လမ်းကြောင်းတွင် Power Supply စက်ဖြင့် Short ရှာပါက Power Supply စက်တွင် Ampere တက်နေမှာဖြစ်ပြီး မည်သည့် ပစ္စည်းပျက် နေသနည်းကို လက်ဖြင့် အသာအယာ လိုက်စမ်းပါက အပူလွန်နေသော ပစ္စည်းသည် Short ဖြစ်နေသော ပစ္စည်းသာလျှင်ဖြစ်ပါသည်။ ထိုနည်းဖြင့် Short ရှာတတ်ကြပါသည်။



                 ဆားကစ်များ Short ရှာရာတွင် အလွန်အသုံးဝင်သည့် 30V 5A Power Supply စက်တလုံးကို မြင်တွေ့ရမှာဖြစ်ပါသည်။ တခါတရံ Short ရှိမှန်း သိနေသော်လည်း Short ရှာရခက်နေတတ်သည့် စက်များကိုလည်း ကြုံခဲ့ဘူးပါသည်။ ထိုအခါတွင် Short ရှာမနေတော့ပဲ စက်ပြင်ဆရာများ Short တွန်းစက်ဟု အလွယ်ခေါ်သည့် 60A 50 V အထိ ထုတ်လွှတ်ပေးနိုင်သည့် Power Supply စက်ကြီးများဖြင့် ဗို့နည်းနည်း ခြင်းတင်ပေးခြင်း Ampere နည်းနည်းစီတင်ပေးခြင်းဖြင့် Short တွန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ကြပါသည်။ ထိုအခါ ပျက်စီးပြီး Short ကျနေသော ပစ္စည်းသည် Ampere တောင့်တင်းလာသည့် ဒဏ်ကို မခံနိုင်တော့ပဲ မီးလောင် ပျက်စီးသွားသည်ကို မျက်မြင်တွေ့မြင်ရမှာ ဖြစ်ပြီး ချက်ခြင်းပင် Short ပျောက်သွားပါတော့သည်။


အောက်တွင် Short တွန်းစက်ဟု အလွယ်ခေါ်သည့် Amperer တောင့်တင်းသည့် ဝပ်စွမ်းအားများသည့် PSU တလုံးပုံ

       အထက်ပါ Short တွန်းစက်ကဲ့သို့ Power Supply စက်ကြီးများကို မိမိတို့ အနေဖြင့် ဆားဗစ် ပြုလုပ်သည့်အခါ Short တွန်းခြင်း လုပ်ငန်းလည်း လုပ်ဆောင်သကဲ့သို့ တခါတရံတွင်လည်း 51.2V Battery ကြီးများ အားသွင်းခြင်း ၊ BMS Lock ကျသွားသည့် Battery ကြီးများအား BMS ပြန်နိုးပေးခြင်းဖြင့်လည်း ဝန်ဆောင်မှု့ပေးသည့် လုပ်ငန်းလုပ်ဆောင် ပါသေးသည်။ 



Sunday, October 12, 2025

Electronic Basic ( 2 - 1 ) Capacitor အကြောင်း

အီလက်ထရွန်းနစ် ပါတ်လမ်းများတွင် Resistor ကဲ့သို့ အများဆုံးအသုံးပြုသည်မှာ အခြေခံလျှပ်စစ်ပစ္စည်းတမျိုးဖြစ်သော Capacitor ပင်ဖြစ်ပေသည်။ Capacitor သည် Dielectric ဟုခေါ်သော လျှပ်ကာပစ္စည်း ဖြင့် ပိုင်းခြားထားသော လျှပ်စစ်ကူး နိုင်သော သတ္တုပြား နှစ်ခုကြားတွင် လျှပ်စစ်အားကို စုဆောင်းခြင်းဖြင့် လျှပ်စစ် စွမ်းအင်ကို သိုလှောင်သည်။ ကပယ်စီတာ၏ လျှပ်သို အရည်အချင်းကို Capacitance ဖြင့်တိုင်းတာပြီး သင်္ကေတမှာ C ဖြစ်၍ ယူနစ်မှာ farad (F) ဖြစ်သည်။ Farad တန်ဖိုးများလေ လျှပ်သိုနိုင်စွမ်းများလေပင်ဖြစ်သည်။ ကပယ်စီတာကို လျှပ်စစ်ဗို့အား ဖြင့် ချိတ်ဆက်ပေးထားလိုက်လျှင် ယင်းကို Charging အားသွင်းချိန်ဟု ခေါ်သည်။ အကယ်၍ ကပယ်စီတာ ခြေထောက်နှစ်ချောင်းအား မီးလုံးဖြင့်ဖြစ်စေ ရီစစ္စတာတလုံးဖြင့်ဖြစ်စေ ပြန်၍ချိတ်ဆက်ပါက Discharging ဖြစ်ပြီး ဗို့အားကို ပြန်စွန့်ထုတ်သည်ဟုခေါ်ပေသည်။

DC Capacitor ပုံကိုတွေ့မြင်ရစဉ်

အချို့ ကသံချောင်းငယ်ဖြင့် ခြေထောက်နှစ်ချောင်းကို တိုက်ရိုတ် ထိခြင်းဖြင့် Discharging လုပ်တတ်ကြသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းကို Short ချသည်ဟုခေါ်ဆိုကြပါသည်။ ကပယ်စီတာတွင် ဖြစ်ပေါ်နေသော Voltage သိုလှောင်ထားနိုင်သော လျှပ်စစ်ပမာဏ Q နှင့် လျှပ်သိုသတ္တိ C တို့သည် အောက်ပါအတိုင်း ညီမျှခြင်းများ အတိုင်း ဆက်စပ်နေကြပါသည်။

C =    or  Q = C V   or  V =

ယင်းတွင် C ကို Farad (F), Q ကို Coulomb (C), Voltage ကို (V) ဖြင့်တိုင်းတာကြပါသည်။ C ကိုတိုင်းတာရာတွင် 1 Farad သည် အလွန်ကြီးမားသောတန်ဖိုးဖြစ်သောကြောင့် လက်တွေ့တွင်မူသေးငယ်သော

micro farad = F = 10-6 = 0.000 001 F

nano farad = nF = 10-9 = 0.000 000 001 F

pico farad = pF = 10-12 = 0.000 000 000 001 F

စသည့်ယူနစ်များဖြင့်သာတိုင်းတာကြပါသည်။ သို့သော် ဈေးကွက်ထဲ နှင့် Capacitor အတော်များများကို micro farad သို့မဟုတ် pico farad ဟုသာ အတွေ့ရများပြီး၊ nano farad ကိုသုံးခြင်းသိပ်မတွေ့ရပါပေ။ ကပယ်စီတာများတွင် အလွယ်အားဖြင့် AC Capacitor အဖိုအမသတ်မှတ်ချက်မရှိ နှင့် DC Capacitor အဖိုအမတိတိကျကျသတ်မှတ်ချက်ရှိ ဟူ၍ နှစ်မျိုးသာရှိပြီး AC Capacitor ကို Non-Polarization ဟုခေါ်ဆိုကြပေသည်။ Polarization ဆိုသည်မှာ အပေါင်းအနုတ်၊ အဖိုအမ ကိုဆိုလိုခြင်းဖြစ်ပြီး၊ Non-Polarization ဆိုသည်မှာ အပေါင်းအနုတ်၊ အဖို အမ သတ်မှတ်ချက်မရှိဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ 

Diagram ရေးဆွဲရာတွင် အသုံးပြုသည့် Capacitor Symbol ပုံများ

        Capacitor များ၏ Schematic Diagram ရေးဆွဲရာတွင် အသုံးပြုရမှာ ဖြစ်သော သင်္ကတများကို မြင်ရမှာဖြစ်ပါသည်။ လေ့လာခါစ ဝါသနာရှင် များ အနေဖြင့် မျက်စေ့ ရှုပ်စေနိုင်သော်လည်း စာအုပ်ငယ် နောက်ပိုင်းတွင် တဖြည်းဖြည်း နားလည် သွားစေမှာ ဖြစ်ပါသည်။ 

“ကျေးဇူးပြု၍စာအုပ်ကိုကျော်မဖတ်ပါနှင့်”

AC DC Capacitor နှစ်မျိုး၏ Schematic Diagram ပုံစံ

        အထက်တွင် ကပယ်စီတာ ရေးဆွဲပုံများအား များစွာ ရေးဆွဲ ပြထားသော် လည်း ပုံမှန်အားဖြင့် AC Capacitor နှင့် DC Capacitor ဟူ၍သာ အခြေခံအား ဖြင့် ၂ ပုံသိ နားလည်ထားလျှင် လုံလောက်ပါသည်။ AC Capacitor တွင် အပြား နှစ်ပြားသည် မျဉ်းဖြောင့်အဖြစ် ရေးဆွဲထားပြီး၊ DC Capacitor တွင် အပေါင်းဗို့ ရှိမည့် အပြားသည် မျဉ်းဖြောင့် အဖြစ်ရေးဆွဲထားပြီး၊ အနုတ်ဗို့ ရှိမည့် အပြားသည် မျဉ်းကွေး အဖြစ်ရေးဆွဲ ထားပါသည်။ အခြေခံသင်ခန်းစာ လေ့ကျင့်ခန်းများတွင် ဘေးမှာပြထားသည့် ပုံနှစ်မျိုးလောက်သာ သိထားသင့်ပြိး ကျန်ပုံများမှာ လေ့ကျင့်ရင်းဖြင့် တဖြည်းဖြည်း နားလည်လာမှာဖြစ်ပါသည်။ 

မျိုးပုံစံမတူသော Capacitor မျိုးစုံကိုမြင်တွေ့ရမှာဖြစ်ပါသည်။

        Capacitor များသည် လျှပ်စစ်ကို သိုလှောင် ထား နိုင်သောကြောင့် ကိုင်တွယ် အလုပ်လုပ် မည် ဆိုလျှင် အထူး သတိထား ကိုင်တွယ်ရမှာ ဖြစ်ပါသည်။ အထူးသဖြင့် High Voltage Capacitor များသည် ဗို့အား အလွန် ပြင်းထန် ကြပါသည်။ ဉပမာအားဖြင့် Micro Wave မီးဖိုတွင်ပါဝင်သော Capacitor များသည် ဗို့အား ထောင်ချီရှိ နေတတ်ပါသည်။

Capacitor တည်ဆောက်ထားပုံ








Home Appliances ( 1 - 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အ...